" တိမ်တောက်နေတဲ့အချိန်မှာ လူတွေအားလုံး လှပကြသလို .....

အလည်လာကြတဲ့သူများလည်း ........ပျော်ရွှင်ချမ်းမြေ့ကြပါစေ။"

အိပ်မက်တံခါးတစ်ခုပွင့်ချိန်

ကျောင်းပြီးသွား ကတည်းက အခုဆို လေးလမြောက်ပြီ၊ အိမ်ကိုလဲပြန်လည်ချင်နေပြီ ၊ စပြီးကျောင်းလာတက်ကတည်းက မပြန်ဖြစ်တာ။ First Semester နဲ့  Second Semester ပြီးတုန်းကလည်း ကျောင်း လခ ရှာရတာနဲ့ မပြန်ဖြစ်ခဲ့။ အော်ကျောင်းပြီးသွားတော့လည်း အလုပ်ရဖို့  ကအရေးကြီးတယ်လေ လို့ တွေးပြီးအလုပ်ဆက်ရှာရတာပေါ့။

အချိန်ပိုင်းအလုပ်ဝင်လုပ်ရင်း အလုပ်ကြီးရပါစေလို့  ဆုတောင်းရတာလဲအမော။Interview တွေကလည်း သွားလိုက်တိုင်းအဆင်မပြေ။ ဒီကြားထဲ Interview သွားရတဲ့နေရာက လိုင်းကားမရောက်ရင် အချိန်ပိုင်း လုပ်လို့  ရ သမျှလေးတွေက လျှော့သွားပြန်ရော၊ သွားလို့  အဆင်ပြေရင်တော့မျှော်လင့်ချက် လေးတွေနဲ့  အပြန်လမ်းလေးမှာ စိတ်ဓာတ်တွေတက်ကြွ လို့ ။ မိုးမျှော်တိုက်ခန်းကြီးတစ်ခုရဲ့ အပေါ်ကရုံးခန်းကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုယ့်ပုံကိုစိတ်ကူးနဲ့  မြင်ယောင်ကြည့် ပြီးကြိတ်ပြုံးမိပြန်ရော။ အဆင်မပြေပြန်တော့လည်း လေထဲတိုက်အိမ်မဆောက်နိုင်ပြန်ဘူးပေါ့။ CV ကလည်း ပြင်ရ လွန်းလို့  အထဲကကိုယ့်ရုပ်ကိုယ်တောင် ပြန်အားနာနေပြီ။ အထဲမှာရေးထားတဲ့ ဘွဲ့ နဲ့  အရည်အချင်းတွေကိုတောင်သံသယ ဖြစ်ချင်လာပြီ။ မိမိ့ကိုယ်ကို ယုံကြည်မှူ ဆိုတဲ့ဟာကို ကိုယ့်ကိုယ်ကို ဆိတ်ဆွဲပြီး ပြန်သတိပေးနေရတယ်။


တနေ့ တနေ့  ဝယ်လိုက်ရတဲ့ သတင်းစာ၊မရှိ မဲ့ရှိ မဲ့ပိုက်ဆံလေးတွေနဲ့ ။ ကွန်ပျုတာလဲ ခေါင်းတော်တော်မူးပြီးပင်ပန်းနေမှာပဲ၊ အားတင်းထားကွ လို့ ကိုယ့်ကိုယ်ကို ညာသံပေး ထားရတယ်။ အော်အခုမှ ကမ္ဘာ့ နိုင်ငံတွေမှာ လူတွေဘာကြောင့် suicide လုပ်ကြတယ်ဆို တာကို နဲနဲ နားလည် ပေးလို့ ရလာတယ်။ အိမ်ကိုဖုန်းဆက်ရမှာကိုတောင် ရှက်လာတယ်။ ခေါက်ဆွဲပြုတ်တွေကို လဲ ဘာမဆိုင် ညာမဆိုင်ပိုမုန်းလာတယ်။

ဒီအိပ်မက်ဆိုးကြီးထဲကနေ လွတ်မြောက်ချင်လှပြီ။…………..

ဒီလိုနဲ့  ညဘက်အချိန်ပိုင်း အလုပ်အပြီးမိုးတွေရွာတဲ့မနက်တစ်ခုမှာ ကျွန်တော် အိမ်ပြန်ရောက် ရေ မိုးချိုးပြီး အိပ်ဖို့ ပြင်တုန်း ဖုန်းဝင်လာတယ်။ Interview ခေါ်တဲ့ဖုန်း။ လူက မျက်လုံး စင်းစင်းနဲ့  ပဲပြန်ဖြေနေရတယ်။ သူကလည်း ဒီနေ့ လာနိုင်မလား၊ ၅ နာရီလောက်ဆို အဆင်ပြေမလားနဲ့  မေးနေတယ်။ ကဲဒီလောက်တောင်ဖြစ်တာ လာနိုင်တယ် အဆင်ပြေတယ်လို့ ဖြေလိုက်တယ်။

ရောက်သွားတော့ ကိုယ်တပိုင်းက မိုးမိထားလို့ ကြွက်စုတ်ဖြစ်နေပြီ။ မေးသမျှ မေးခွန်းတွေကို ချမ်းချမ်းနဲ့  ပဲဖြေနေရတယ်။ ပုဂ္ဂိုလ်ကလည်း အသေးစိတ်မေးတယ်။ ကျွန်တော် သူ့ ကိုကျေးဇူးတင်တယ်။ သူမေးတဲ့တချို့ မေးခွန်းတွေက ကျွန်တော့်ကိုပြန်ပြီးနွေးထွေးသွားစေတယ်။ ၄၅ မိနစ်လောက်ကြာတော့ သူကမေးတာခဏ ရပ်ကာ ရုတ်တရက် သူ့ ရဲ့ အလုပ်ခန်းထဲလိုက်ပြ ပြီး ကျွန်တော့်ကို လုပ်နိုင်မလား လို့ မေးတယ်။ သိပ်လုပ်နိုင်တာပေါ့ လို့ ဖြေတော့ သူက ကျွန်တော့်ကို Interview အခန်းထဲပြန်ခေါ်လာပြီး offer စလုပ်တယ်။ ကျွန်တော့်ရင်ထဲမှာ ကုလားဘုရားပွဲ လှည့်နေပြီ။ ဝမ်းသာမှူတွေကို မျက်နှာမှာ မပေါ် အောင် ထိန်းထားပြီး ခဏခဏ မြိုချနေရတယ်။နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး အိုကေသွားတယ်။ သူ့ ကို နုတ်ဆက်ပြီးအထွက် ကျွန်တော့်ခြေထောက်တွေမြေကြီးနဲ့ တောင်မထိတော့ဘူးထင်ရတယ်ဗျာ။

အဆောက်အဦးအပြင်ရောက်တော့ ရွာနေတဲ့မိုးတွေလဲတိတ်၍နေပြီ။
ကျွန်တော့်ပျော်ရွှင်မှူတွေကို နွေးထွေးဆဲဖြစ်နေအောင်တိတ်ပေးထားတာ ထင်ပါရဲ့ ။…….

1 Response to "အိပ်မက်တံခါးတစ်ခုပွင့်ချိန်"

အတွေးကမ္ဘာ..မှတ်တမ်း said...

အတွေ့အကြုံလေး ကိုမျှဝေခံစားသွားပါတယ်...

Post a Comment