" တိမ်တောက်နေတဲ့အချိန်မှာ လူတွေအားလုံး လှပကြသလို .....

အလည်လာကြတဲ့သူများလည်း ........ပျော်ရွှင်ချမ်းမြေ့ကြပါစေ။"

ရေအိုးလေးတစ်လုံးအကြောင်း

ရှေးရှေးတုန်းက အိန္ဒိယပြည်က ရွာကလေးတစ်ရွာမှာ ရေထမ်းသမားတစ်ယောက်ရှိသတဲ့။သူဟာ ရွာထဲမှာရှိတဲ့အိမ်တွေကို မနက်တိုင်းရေထမ်းပို့  ရတယ်။ ရွာထိပ်မှာရှိတဲ့ စမ်းချောင်းထဲကရေကိုခပ်လိုက်၊ ရွာထဲကိုရေတွေသယ်လိုက်နဲ့ ပေါ့ ။
အဲဒီ့ ရေထမ်းသမားမှာ ရေအိုးနှစ်လုံးရှိသတဲ့။ တစ်လုံးက အကောင်းပကဓိ ဖြစ်ပြီးတော့ နောက်တစ်လုံးကတော့ အက်ကြောင်းတစ်ခုပါသတဲ့။ ဒါကြောင့် အက်နေတဲ့အိုးကသယ်နိုင်တဲ့ရေပာာ ရွာထဲကိုရောက်တဲ့အချိန်ဆို ထက်ဝက်လောက်ပဲကျန်တာပေါ့ ။

ဒီလိုနဲ့ နှစ်တွေကြာလာတော့ ကောင်းတဲ့အိုးက ရေအမြဲပြည့်ပြည့်ဝဝ သယ်နိုင်တော့ သူ့  ကိုယ်သူအမြဲဂုဏ်ယူသတဲ့။ အက်ကြောင်းပါတဲ့အိုးကတော့ သူ့ ရဲ့ ချွတ်ယွင်းချက်အတွက် စိတ်ထိခိုက်ပြီး သိမ်ငယ်နေတာပေါ့ ။တနေ့ မှာ အက်နေတဲ့အိုးက ရေထမ်းသမားကိုပြောတယ်၊ “သခင်.. ကျွန်တော်လေ ကိုယ့်ကိုယ်ကို ရှက်မိတယ်။ သခင်ကိုလဲတောင်းပန်ပါတယ်။”လို့ 
ပြောတော့၊ ရေထမ်းသမားက “ ဘာဖြစ်လို့  ရှက်ပြီးဘာကိုတောင်းပန်ချင်တာလဲ” လို့  မေးတယ်။ အက်နေတဲ့ရေအိုးက “ကျွန်တော့်ဟာ ကျွန်တော့်မှာရှိတဲ့ အက်ကြောင်းကြောင့် သယ်တဲ့ရေရဲ့ထက်ဝက်လောက်ကိုသာ လိုရာခရီးကို သယ်နိုင်ပါတယ်။ ဒီအက်ကြောင်းကြောင့်သခင်ဟာ အလုပ်တွေပိုပြီးလုပ်ရတဲ့အပြင် သခင့်  ကြိုးစားအားထုတ်တာနဲ့ ထပ်တူညီတဲ့ ရလာဒ်ကို မခံစားရဘူး။ဒါကြောင့်ကိုယ့်ကိုယ်ကို ရှက်ပြီး သခင့်အပေါ်မှာ မတရားသလို ခံစားရတာပါ။” ဟုပြောလေ၏။

ထိုစကားကိုကြားတော့ ရေထမ်းသမားက အက်နေတဲ့အိုးကို ဂရုဏာသက်ပြီး “ကောင်းပြီ မင်းရဲ့ စိတ်မကောင်းဖြစ်တာကို သခင်နားလည်ပြီ၊ ဒါပေမဲ့ အခု စိတ်ညစ်တာကို ခဏမေ့ပြစ်ပြီး ဒီနေ့  စမ်းချောင်းကနေ ရွာကိုအပြန် ၊ လမ်းရဲ့  တဖက်တည်းမှာပေါက်နေတဲ့ ပန်းရိုင်းလေးတွေကိုသတိပြုစေချင်တယ်။” လို့  ပြောတယ်။ အက်နေတဲ့အိုးလည်း သူ့  သခင်ပြောတဲ့အတိုင်းသတိပြုကြည့်တယ်။ အရောင်စုံတဲ့တောပန်းကလေးတွေပွင့်နေတာတွေ့ တော့ သူနဲနဲတော့ပျော်ပြီးကြည်နူးမိတယ်။ ဒါပေမဲ့လည်း ရွာကိုရောက်တော့  ရေက ထက်ဝက်လောက် ယိုမြဲဖြစ်နေတာတွေ့ ပြီးစိတ်ညစ်ရပြန်တာပေါ့ ။

ဒါကိုတွေ့ တဲ့သခင်က“ ဘယ်လိုလဲ? လမ်းမှာတွေ့  ခဲ့တဲ့ပန်းတွေလှတယ်မို့ လား? အဲ့  ဒီပန်းတွေဟာ မင်းရဲ့ ဘက်အခြမ်းမှာပဲ ရှိနေပြီး တခြားကောင်းတဲ့အိုးရဲ့  ဘက်မှာမရှိတာကိုရော မင်းသတိထားမိရဲ့ လား? သခင်ဟာမင်းရဲ့  အားနည်းချက်ကို သိတဲ့  အတွက် အဲဒါကိုအကောင်းဆုံးအသုံးချခဲ့တယ်။

မင်းရဲ့ အက်ကြောင်းရှိတဲ့ဘက်ကိုအလေ့ကျပေါက်နေတဲ့ပန်းပင်တွေဘက်မှာ ထားပြီး သခင်ဟာ အပင်တွေကိုရေလောင်းပေးခဲ့တယ်။ ဒါကြောင့် ပန်းတွေပွင့်ကြတယ်။ သခင်ဟာ ဒီတောပန်းကလေးတွေကို ခူးပြီးအိမ်မှာ နတ်ဘုရားကိုလှူတယ်။ အိမ်ထဲမှာလဲ လှူထားတဲ့ပန်းရနံ့  တွေနဲ့  သင်းပြီးမွှေးနေတယ်။ ဒီလိုစိတ်ကြည်နူးမှူတွေဟာ မင်းမှာရှိနေတဲ့ရေယိုစေတဲ့ အက်ကြောင်းလေးသာမရှိခဲ့ရင် ဘယ်ဖြစ်လာပါ့ မလဲ။ တို့  တွေအားလုံးမှာ ချွတ်ယွင်းချက်ကိုယ်စီရှိကြတာပါပဲ၊ ကိုယ့်ရဲ့ အားနည်းချက်ကို သိထားရင် ချွတ်ယွင်းချက်ကနေ အလှတရားသို့ မဟုတ် အောင်မြင်ခြင်းကိုဖန်တီးနိုင်စမြဲပဲ၊ ဒီချွတ်ယွင်းချက်ဟာ ရှက်စရာ မဟုတ်သလို၊ တောင်းပန်စရာလဲ မဟုတ်ပါဘူး”လို့ ရေထမ်းသမားက အက်ကြောင်းရှိတဲ့အိုးကလေးကို ရှင်းပြလိုက်လေသတည်း။

မှတ်ချက်
ပုံပြင်လေးကိုဆီလျော်အောင် ဘာသာပြန်ရင်း သင့်တော်သလိုမွမ်းမံလိုက်ပါတယ်။
Original Stories ကိုဖတ်ချင်ခဲ့ရင်တော့ အောက်က Link တွေကတဆင့်သွားနိုင်ပါတယ်။
http://www.story-lovers.com/listscrackedpotstory.html#crackedpotonline
http://www.lovethissite.com/crackedpot/

လမင်းကြီးနှင့်စကားပြောခြင်း

ညစာစားသောက်အပြီး နောက်ဖေးပြတင်းပေါက်ဖက်အထွက် မျက်စိက ကောင်းကင် ဆီ ရောက်သွားမိသည်။ လမင်းကြီးက ထိန်ထိန်သာနေ တာတွေ့ မှ “ဟာ ဒီနေ့ နယုန်လပြည့်နေ့ ပါ လားဆိုတာ သတိရသွား၏။”

ကလေးတုန်းကဆို ဒီလိုလသာရင် ကစားလို့ သိပ်ကောင်း။ ညစာထမင်းစားပြီးတာနဲ့  အိမ်ရှေ့ လမ်းမကိုထွက် သူငယ်ချင်းတွေနဲ့  လူစု၊ ပြီးရင် ရှိသမျှကစားနည်းကုန်အောင်ဆော့တော့တာပဲ။ ဗုတ်တလုတ်တစ္တေဆော့မလား ၊ ဆစ်ဆလီ ဘာရွက်လဲ ဆော့မလား ၊ ဒါမှမဟုတ် ပုံပြင်ပဲစုပြီးပြောကြမလား။ ညနဲနဲနက်လာလို့  အမေတွေက အသီးသီးအော်ခေါ်တော့မှ မပြန်ချင် ပြန်ချင်နဲ့ လူစုခွဲပြီး အိမ်ကိုပြန်ကြတာ။

လူပျိုပေါက်ဖြစ်လာပြန်တော့လည်း လသာနေရင် ဂီတာစုပြီးတီးကြအော်ကြ ၊ လရောင်အောက်မှာရောက်တတ်ရာရာလေးတွေစုပြီး ပြောလိုက်ကြ၊ ရယ်ကြမောကြ။ တန်ဆောင်မုန်းလပြည့်ညတွေ ဆို အပျော်ဆုံးပေါ့။ ရပ်ကွက်က ကာလသားခေါင်း အစ်ကိုတွေနဲ့  ကြက်သားနဲ့  ဘူးသီးကာလသားချက်လေးချက် ၊ ရှိသမျှ လူငယ်တွေ လိုက်နှိုး ၊ ပြီးရင် စုပြီးပျော်ပျော် ပါးပါး စားကြတာပေါ့။ ညဥ့်နဲနဲ နက်ပြီး သက်ကြီးခေါင်းချချိန်လောက်ရောက်ပြီဆို ကျီးမနိုးပွဲ ဆော့ကြပြီ။ မနက်လေးနာရီလောက်ရောက်မှ အိမ်ပြန်အိပ်ကြ။ အရမ်းပျော်ဖို့  ကောင်းတဲ့အချိန်တွေပေါ့။……….

တခါတလေကျတော့လည်း လသာရင် အိမ်ရှေ့ ခြံဝိုင်းလေးထဲမှာ ကုလားထိုင်လေးတွေချ ၊ အမေက လက်ဖက်သုတ် ဂျင်းသုတ်လေးသုတ် ၊ ရေနွေးကြမ်းလေး တဖူးဖူးမှူတ်သောက်ရင်း မိသားစု စကားပြောကြ။ အမေတို့  အဖေတို့ ကငယ်ငယ်က အကြောင်းတွေပြန်ပြော ၊ အဖေကရွှေတောင်မြို့ နယ် ၊ ကျီးသဲ ဇာတိ ဆိုတော့ သူတို့ ရွာက “ဝ” ဘုရားအကြောင်း ၊ နတ်ရေကန်အကြောင်းတွေ ၊ ဧရာဝတီ မြစ်ထဲမှာ သောင်တွေထွန်းလို့  သောင်ပေါ်မှာ သွားဆော့ရင် ပျော်စရာ ဘယ်လိုကောင်းတယ် ၊ သူတို့ ငယ်ငယ်တုန်းကဆို ရွှေနတ်တောင် ဘုရားပွဲက ဘယ်ပုံ ဘယ်မျှ စည်ကားသည် စသဖြင့် ပြန်ပြောပြတယ်။ အဖေ တို့  အမေတို့ ပြောတာနားထောင်လိုက် ၊ ရေနွေးကြမ်းလေး သောက်လိုက်၊ လေနဲ့ အတူပါလာတဲ့ ညမွှေးပန်း ရနံ့ လေးတွေ ရှူ ရှိုက်လိုက် ၊ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ကြည့်လိုက်နဲ့  အဟုတ်ပဲပေါ့။………..

အော်အခုများကျတော့လည်း……….
လမင်းကြီးရေ မင်းကပဲ နေရာမှားပြီးသာနေတာလား?
ငါကပဲ နေရာလွဲပြီးရောက်နေတာလား?
အရင်တုန်းက လသာတဲ့ညလေးတွေ လွမ်းလိုက်ပါဘိ။…………

အိပ်မက်တံခါးတစ်ခုပွင့်ချိန်

ကျောင်းပြီးသွား ကတည်းက အခုဆို လေးလမြောက်ပြီ၊ အိမ်ကိုလဲပြန်လည်ချင်နေပြီ ၊ စပြီးကျောင်းလာတက်ကတည်းက မပြန်ဖြစ်တာ။ First Semester နဲ့  Second Semester ပြီးတုန်းကလည်း ကျောင်း လခ ရှာရတာနဲ့ မပြန်ဖြစ်ခဲ့။ အော်ကျောင်းပြီးသွားတော့လည်း အလုပ်ရဖို့  ကအရေးကြီးတယ်လေ လို့ တွေးပြီးအလုပ်ဆက်ရှာရတာပေါ့။

အချိန်ပိုင်းအလုပ်ဝင်လုပ်ရင်း အလုပ်ကြီးရပါစေလို့  ဆုတောင်းရတာလဲအမော။Interview တွေကလည်း သွားလိုက်တိုင်းအဆင်မပြေ။ ဒီကြားထဲ Interview သွားရတဲ့နေရာက လိုင်းကားမရောက်ရင် အချိန်ပိုင်း လုပ်လို့  ရ သမျှလေးတွေက လျှော့သွားပြန်ရော၊ သွားလို့  အဆင်ပြေရင်တော့မျှော်လင့်ချက် လေးတွေနဲ့  အပြန်လမ်းလေးမှာ စိတ်ဓာတ်တွေတက်ကြွ လို့ ။ မိုးမျှော်တိုက်ခန်းကြီးတစ်ခုရဲ့ အပေါ်ကရုံးခန်းကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုယ့်ပုံကိုစိတ်ကူးနဲ့  မြင်ယောင်ကြည့် ပြီးကြိတ်ပြုံးမိပြန်ရော။ အဆင်မပြေပြန်တော့လည်း လေထဲတိုက်အိမ်မဆောက်နိုင်ပြန်ဘူးပေါ့။ CV ကလည်း ပြင်ရ လွန်းလို့  အထဲကကိုယ့်ရုပ်ကိုယ်တောင် ပြန်အားနာနေပြီ။ အထဲမှာရေးထားတဲ့ ဘွဲ့ နဲ့  အရည်အချင်းတွေကိုတောင်သံသယ ဖြစ်ချင်လာပြီ။ မိမိ့ကိုယ်ကို ယုံကြည်မှူ ဆိုတဲ့ဟာကို ကိုယ့်ကိုယ်ကို ဆိတ်ဆွဲပြီး ပြန်သတိပေးနေရတယ်။


တနေ့ တနေ့  ဝယ်လိုက်ရတဲ့ သတင်းစာ၊မရှိ မဲ့ရှိ မဲ့ပိုက်ဆံလေးတွေနဲ့ ။ ကွန်ပျုတာလဲ ခေါင်းတော်တော်မူးပြီးပင်ပန်းနေမှာပဲ၊ အားတင်းထားကွ လို့ ကိုယ့်ကိုယ်ကို ညာသံပေး ထားရတယ်။ အော်အခုမှ ကမ္ဘာ့ နိုင်ငံတွေမှာ လူတွေဘာကြောင့် suicide လုပ်ကြတယ်ဆို တာကို နဲနဲ နားလည် ပေးလို့ ရလာတယ်။ အိမ်ကိုဖုန်းဆက်ရမှာကိုတောင် ရှက်လာတယ်။ ခေါက်ဆွဲပြုတ်တွေကို လဲ ဘာမဆိုင် ညာမဆိုင်ပိုမုန်းလာတယ်။

ဒီအိပ်မက်ဆိုးကြီးထဲကနေ လွတ်မြောက်ချင်လှပြီ။…………..

ဒီလိုနဲ့  ညဘက်အချိန်ပိုင်း အလုပ်အပြီးမိုးတွေရွာတဲ့မနက်တစ်ခုမှာ ကျွန်တော် အိမ်ပြန်ရောက် ရေ မိုးချိုးပြီး အိပ်ဖို့ ပြင်တုန်း ဖုန်းဝင်လာတယ်။ Interview ခေါ်တဲ့ဖုန်း။ လူက မျက်လုံး စင်းစင်းနဲ့  ပဲပြန်ဖြေနေရတယ်။ သူကလည်း ဒီနေ့ လာနိုင်မလား၊ ၅ နာရီလောက်ဆို အဆင်ပြေမလားနဲ့  မေးနေတယ်။ ကဲဒီလောက်တောင်ဖြစ်တာ လာနိုင်တယ် အဆင်ပြေတယ်လို့ ဖြေလိုက်တယ်။

ရောက်သွားတော့ ကိုယ်တပိုင်းက မိုးမိထားလို့ ကြွက်စုတ်ဖြစ်နေပြီ။ မေးသမျှ မေးခွန်းတွေကို ချမ်းချမ်းနဲ့  ပဲဖြေနေရတယ်။ ပုဂ္ဂိုလ်ကလည်း အသေးစိတ်မေးတယ်။ ကျွန်တော် သူ့ ကိုကျေးဇူးတင်တယ်။ သူမေးတဲ့တချို့ မေးခွန်းတွေက ကျွန်တော့်ကိုပြန်ပြီးနွေးထွေးသွားစေတယ်။ ၄၅ မိနစ်လောက်ကြာတော့ သူကမေးတာခဏ ရပ်ကာ ရုတ်တရက် သူ့ ရဲ့ အလုပ်ခန်းထဲလိုက်ပြ ပြီး ကျွန်တော့်ကို လုပ်နိုင်မလား လို့ မေးတယ်။ သိပ်လုပ်နိုင်တာပေါ့ လို့ ဖြေတော့ သူက ကျွန်တော့်ကို Interview အခန်းထဲပြန်ခေါ်လာပြီး offer စလုပ်တယ်။ ကျွန်တော့်ရင်ထဲမှာ ကုလားဘုရားပွဲ လှည့်နေပြီ။ ဝမ်းသာမှူတွေကို မျက်နှာမှာ မပေါ် အောင် ထိန်းထားပြီး ခဏခဏ မြိုချနေရတယ်။နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး အိုကေသွားတယ်။ သူ့ ကို နုတ်ဆက်ပြီးအထွက် ကျွန်တော့်ခြေထောက်တွေမြေကြီးနဲ့ တောင်မထိတော့ဘူးထင်ရတယ်ဗျာ။

အဆောက်အဦးအပြင်ရောက်တော့ ရွာနေတဲ့မိုးတွေလဲတိတ်၍နေပြီ။
ကျွန်တော့်ပျော်ရွှင်မှူတွေကို နွေးထွေးဆဲဖြစ်နေအောင်တိတ်ပေးထားတာ ထင်ပါရဲ့ ။…….

ထွေရာလေးပါး အီလက်ထရွန်တရား

ကျွန်တော် သူတို့ စကားဝိုင်း ထဲဝင်မိချိန်ကကျောင်းဆင်းချိန်။သူကဝိုင်းထဲမှာ ဦးဆောင်ပြီး ပြောနေတယ်။ သတိထားမိတော့ လူကခပ်သေးသေး ညှက်ညှက်၊ မျက်မှန်က ခပ်ထူထူ နဲ့ ။ သူက ပြော တယ် “ကျွန်တော်တို့ တစ်တွေ က တကယ်တော့ လူ့  ဘဝ ဆို တဲ့ အက်တမ် ကြီး ထဲ မှာ နေကြတဲ့ အီလက်ထရွန်တွေပဲဗျ။” ကျွန်တော်လဲ စိတ်ဝင်စားတာနဲ့  ဆက်နားထောင်နေမိတယ်။

သူက “ခင်ဗျားတို့ စဉ်းစားကြည့်၊ အက်တမ်တစ်လုံး ရဲ့ အထဲမှာ အီလက်ထရွန်တွေ ရှိကြတယ်ဗျာ။ ပြီးတော့ အဲ့ဒီ အီလက်ထရွန်တွေဟာ သူ့ တို့ ရဲ့ သီးခြား ပတ်လမ်းတွေထဲမှာ ရှိနေကြတယ်ဗျာ။သူတို့ က လုံလောက်တဲ့ စွမ်းအင်ရ တာနဲ့  ပတ်လမ်း တခုကနေ နောက်တခု ကို ခုန်ကြတယ်ဗျ။ ခင်ဗျားတို့ ကျွန်တော်တို့  ဘဝ ဟာ လဲထို့ နည်းတူပဲ၊ ငယ်ငယ်ကတည်းက နျုးကလီးယပ်စ် ရဲ့  ဆွဲငင်အားနဲ့  တူတဲ့ မိဘရဲ့ မေတ္တာရိပ် အောက်ကနေ တဖြည်းဖြည်း နဲ့  ခွဲခွာပြီး တ ဆင့်ပြီးတဆင့် အရွယ်ရောက် ကြီးပြင်းပြီး ရုန်းကန်လှူပ်ရှား လာကြရတယ်။ ပြီးတော့ ကိုယ့်အတ္တနောက်လိုက်ပြီး ကြိုးစားနေလိုက်ကြ ရတာ တဆင့်ပြီးတဆင့်ပဲ။ ဒါပေမဲ့ဗျာ လူနဲ့  အီလက်ထရွန် နဲ့  ကွာတဲ့အချက်က အီလက်ထရွန် ရဲ့  လောဘ စိတ်က လူထက်စာရင် ပိုနဲတယ်ဗျ။ သူ့  အတွက် အလင်းစွမ်းအင်လေးရတဲ့အထိ သီးခံပြီး စောင့်တယ်၊ ရလာတဲ့အခါမှ နောက်တဆင့်ကို ကူးတယ်။ ကျွန်တော်တို့  ခင်ဗျားတို့  ကတော့ လောဘစိတ်တွေ အတ္တစိတ်တွေနဲ့  တချိန်လုံးဆောက်တည်ရာ ကိုမရကြဘူးဗျာ။ ဒီကြားထဲ မှာ ကိုယ်ရမဲ့အခွင့်အလမ်း အတွက် ပြိုင်ဖက်ပေါ်လာရင် တိုက်ခိုက်ချင်ကြသေးတယ်။”

သူကဆက်ပြောသေးတယ်၊ “အီလက်ထရွန်တွေက သူတို့ အရောက်ချင်ဆုံးဖြစ်တဲ့ conduction band လို့  ခေါ်တဲ့ နေရာကိုရောက်ရင် သူတို့ ဘဝဟာ အောင်မြင်သွားပြီ။ လူတွေကျတော့ သူတို့ ရဲ အအောင်မြင်ဆုံးအချိန်ဆိုတာ ဘယ်အချိန်လဲဆို တာပြောရခက်တယ်၊ လက်ရှိအခြေအနေနဲ့  ပျော်ရွှင်မှူကိုတန်ဖိုးကို အလေးလဲမထားကျဘူး။ အနာဂါတ် အတွက်ပြင်ဆင်ရင်းနဲ့ ပဲ ပစ္စုပန်တွေဟာအဓိပ္ပါယ် မဲ့သွားကြတယ်။ ခင်ဗျားတို့ စဉ်းစားကြည့် လေ၊ ကျွန်တော်ပြောတာ မမှန်ဘူးလား” ဟုမေးရင်း သူကဆက်ပြော၏။ “ကျွန်တော်ကတော့ အီလက်ထရွန်လေးတွေကို ကျေးဇူး တင်တယ်ဗျာ၊ လောကကြီးထဲမှာ နေတတ်ထိုင်တတ်အောင်၊ ရောင့်ရဲ တတ်အောင်သင်ပေးရုံမက ကိုယ့်ဘဝရဲ့  လက်ရှိအချိန်လေးတွေကို တန်ဖိုးထားပြီးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်အောင်ပါသင်ပေးတယ်ဗျ။ ကဲ… စကားပြောကောင်းနေတာနဲ့  ပြန်လိုက်အုံးမယ်” ဟုပြောကာ သူကကောက်ခါငင်ကာဖြင့်နူတ်ဆက်ကာထသွားလေသည်။

ထို့ နောက်ကျွန်တော်တို့  လဲလူစုခွဲလိုက်ကြလေ၏။ အပြန်လမ်းတလျှောက် ကျွန်တော်လဲ သူ့ စကားကို ပြန် စဉ်းစားမိရင်း ဘာမဆိုင် ညာမဆိုင် အီလက်ထရွှန်များကို စိတ်ကူးဖြင့် မြင်ယောင်ကြည့် ကာ ရုတ်တရက်… ဒီညခေါက်ဆွဲပြုတ်စားရင် ထည့်  စားဖို့  ဝက်သားလုံးတွေ ဝယ်သွားအုံးမှ ဟု သတိရ ကာ ဈေးအတွင်း သို့ ဝင်ခဲ့လေသတည်း။