" တိမ်တောက်နေတဲ့အချိန်မှာ လူတွေအားလုံး လှပကြသလို .....

အလည်လာကြတဲ့သူများလည်း ........ပျော်ရွှင်ချမ်းမြေ့ကြပါစေ။"

ထွေရာလေးပါး အီလက်ထရွန်တရား

ကျွန်တော် သူတို့ စကားဝိုင်း ထဲဝင်မိချိန်ကကျောင်းဆင်းချိန်။သူကဝိုင်းထဲမှာ ဦးဆောင်ပြီး ပြောနေတယ်။ သတိထားမိတော့ လူကခပ်သေးသေး ညှက်ညှက်၊ မျက်မှန်က ခပ်ထူထူ နဲ့ ။ သူက ပြော တယ် “ကျွန်တော်တို့ တစ်တွေ က တကယ်တော့ လူ့  ဘဝ ဆို တဲ့ အက်တမ် ကြီး ထဲ မှာ နေကြတဲ့ အီလက်ထရွန်တွေပဲဗျ။” ကျွန်တော်လဲ စိတ်ဝင်စားတာနဲ့  ဆက်နားထောင်နေမိတယ်။

သူက “ခင်ဗျားတို့ စဉ်းစားကြည့်၊ အက်တမ်တစ်လုံး ရဲ့ အထဲမှာ အီလက်ထရွန်တွေ ရှိကြတယ်ဗျာ။ ပြီးတော့ အဲ့ဒီ အီလက်ထရွန်တွေဟာ သူ့ တို့ ရဲ့ သီးခြား ပတ်လမ်းတွေထဲမှာ ရှိနေကြတယ်ဗျာ။သူတို့ က လုံလောက်တဲ့ စွမ်းအင်ရ တာနဲ့  ပတ်လမ်း တခုကနေ နောက်တခု ကို ခုန်ကြတယ်ဗျ။ ခင်ဗျားတို့ ကျွန်တော်တို့  ဘဝ ဟာ လဲထို့ နည်းတူပဲ၊ ငယ်ငယ်ကတည်းက နျုးကလီးယပ်စ် ရဲ့  ဆွဲငင်အားနဲ့  တူတဲ့ မိဘရဲ့ မေတ္တာရိပ် အောက်ကနေ တဖြည်းဖြည်း နဲ့  ခွဲခွာပြီး တ ဆင့်ပြီးတဆင့် အရွယ်ရောက် ကြီးပြင်းပြီး ရုန်းကန်လှူပ်ရှား လာကြရတယ်။ ပြီးတော့ ကိုယ့်အတ္တနောက်လိုက်ပြီး ကြိုးစားနေလိုက်ကြ ရတာ တဆင့်ပြီးတဆင့်ပဲ။ ဒါပေမဲ့ဗျာ လူနဲ့  အီလက်ထရွန် နဲ့  ကွာတဲ့အချက်က အီလက်ထရွန် ရဲ့  လောဘ စိတ်က လူထက်စာရင် ပိုနဲတယ်ဗျ။ သူ့  အတွက် အလင်းစွမ်းအင်လေးရတဲ့အထိ သီးခံပြီး စောင့်တယ်၊ ရလာတဲ့အခါမှ နောက်တဆင့်ကို ကူးတယ်။ ကျွန်တော်တို့  ခင်ဗျားတို့  ကတော့ လောဘစိတ်တွေ အတ္တစိတ်တွေနဲ့  တချိန်လုံးဆောက်တည်ရာ ကိုမရကြဘူးဗျာ။ ဒီကြားထဲ မှာ ကိုယ်ရမဲ့အခွင့်အလမ်း အတွက် ပြိုင်ဖက်ပေါ်လာရင် တိုက်ခိုက်ချင်ကြသေးတယ်။”

သူကဆက်ပြောသေးတယ်၊ “အီလက်ထရွန်တွေက သူတို့ အရောက်ချင်ဆုံးဖြစ်တဲ့ conduction band လို့  ခေါ်တဲ့ နေရာကိုရောက်ရင် သူတို့ ဘဝဟာ အောင်မြင်သွားပြီ။ လူတွေကျတော့ သူတို့ ရဲ အအောင်မြင်ဆုံးအချိန်ဆိုတာ ဘယ်အချိန်လဲဆို တာပြောရခက်တယ်၊ လက်ရှိအခြေအနေနဲ့  ပျော်ရွှင်မှူကိုတန်ဖိုးကို အလေးလဲမထားကျဘူး။ အနာဂါတ် အတွက်ပြင်ဆင်ရင်းနဲ့ ပဲ ပစ္စုပန်တွေဟာအဓိပ္ပါယ် မဲ့သွားကြတယ်။ ခင်ဗျားတို့ စဉ်းစားကြည့် လေ၊ ကျွန်တော်ပြောတာ မမှန်ဘူးလား” ဟုမေးရင်း သူကဆက်ပြော၏။ “ကျွန်တော်ကတော့ အီလက်ထရွန်လေးတွေကို ကျေးဇူး တင်တယ်ဗျာ၊ လောကကြီးထဲမှာ နေတတ်ထိုင်တတ်အောင်၊ ရောင့်ရဲ တတ်အောင်သင်ပေးရုံမက ကိုယ့်ဘဝရဲ့  လက်ရှိအချိန်လေးတွေကို တန်ဖိုးထားပြီးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်အောင်ပါသင်ပေးတယ်ဗျ။ ကဲ… စကားပြောကောင်းနေတာနဲ့  ပြန်လိုက်အုံးမယ်” ဟုပြောကာ သူကကောက်ခါငင်ကာဖြင့်နူတ်ဆက်ကာထသွားလေသည်။

ထို့ နောက်ကျွန်တော်တို့  လဲလူစုခွဲလိုက်ကြလေ၏။ အပြန်လမ်းတလျှောက် ကျွန်တော်လဲ သူ့ စကားကို ပြန် စဉ်းစားမိရင်း ဘာမဆိုင် ညာမဆိုင် အီလက်ထရွှန်များကို စိတ်ကူးဖြင့် မြင်ယောင်ကြည့် ကာ ရုတ်တရက်… ဒီညခေါက်ဆွဲပြုတ်စားရင် ထည့်  စားဖို့  ဝက်သားလုံးတွေ ဝယ်သွားအုံးမှ ဟု သတိရ ကာ ဈေးအတွင်း သို့ ဝင်ခဲ့လေသတည်း။